အပိုင်း (၁) သူမဘဝမှာ အလိုလား အတောင့်တဆုံး ဆုတစ်ခုတောင်းပါဆိုရင် “The End” လို့ ရုပ်ရှင်၊ ပြဇာတ်၊ ဝတ္ထုတွေထဲကလို စာတမ်းထိုးခွင့်ပဲ။ ဘယ်နေရာမဆို အစရှိရင် အဆုံးဆိုတာ ရှိတတ်စမြဲ။ လူတိုင်း သတ္တဝါတိုင်း ဘဝဆိုတာ စပြီး အပြီးတိုင် ပြီးဆုံးခြင်းကို ဦးတည်နေကြပေမဲ့၊ မသေခင် ရှင်သန်နေတဲ့ ကာလလေးမှာ သူမကို သူနဲ့ ပတ်သက်ပြီး ပျော်ရွှင်စွာ အဆုံးသတ်ခွင့်ကို အဆုံးအဖြတ်ပေးနိုင်ခွင့်များ ကံတရားက ပေးခဲ့ရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ။ ခုတော့........ အပိုင်း (၂) ဒီလမ်းလေးထဲ၊ ဒီခုံတန်းလေးထဲ သူမ ရောက်ခဲ့ပြန်ပြီ။ ဒီ ၂နှစ်၊ မှတ်မှတ်ရရ ပြောရမယ်ဆိုရင် သူထားရစ်ခဲ့တဲ့ ဒီ ၂နှစ် အတွင်းမှာ သူမ လမ်းကြုံလို့ပဲ ဖြစ်ဖြစ်၊ တမင်တကာပဲ ဖြစ်ဖြစ် ရောက်ခဲ့တဲ့ အရေအတွက်က ဘယ်နှစ်ခါများလဲ သူမ မမှတ်မိတော့ဘူး။ ဒီလမ်းထဲရောက်တိုင်း ရင်မှာ အမြဲ မွန်းကျပ်ခဲ့ရတယ်။ အမြဲ စိတ်ခံစားမှု ခမ်းခြောက်ခဲ့ရတယ်။ သူမ ငိုခဲ့လွန်းလို့ ခုတော့ မငိုတော့ပါဘူး။ “မောင် ဘယ်ရောက်နေလဲ” လို့ ရေရွတ်တာလဲ ဘယ်နှစ်ကြိမ်လဲ။ သူမ သူ့ကို မုန်းတီးတယ်လို့ အကြိမ်ကြိမ် ရေရွတ်ခဲ့တာလဲ ဘယ်နှစ်ကြိမ်လဲ သူမ မမှတ်မိ။ ခုချိန်ထိ သူ သူမကို ဘာအကြောင်းကြောင့် ပစ်ထားခဲ့မှန်း သူမကိုယ...