Skip to main content

ကိုယ်ပွား



ဘေးပတ်ပတ်လည် အုတ်ချပ် တစ်ချပ်ချင်းစီ ပေါင်းစပ်ကာရံထားတဲ့ ဒီအခန်းလေးက ကိုယ့်ရဲ့ တကိုယ်ထဲ ပိုင်ဆိုင်တဲ့ အခန်း။ အိပ်ခန်းလဲ ဆိုနိုင်တယ်၊ ထမင်းစားခန်းလဲ ဆိုနိုင်သလို၊ စာကြည့်ခန်းလို့လဲ သတ်မှတ်နိုင်တယ်။ ဒီအခန်းထဲမှာ အလုံပိတ်ချောင်ပိတ်မိနေရင် တော်တော့ကို စက်ဆုပ်မုန်းတီးမိမယ်။ ခုတော့ ကျဉ်းကျပ်လာရင် ဖွင့်စရာ ပြတင်းပေါက် ရှိတယ်၊ လွတ်ထွက်သွားချင်ရင် တံခါးပေါက်ရှိတယ်။

ချုပ်ချယ်မှုကင်းတဲ့ ကိုယ့်ဘဝလေးက ကျေနပ်စရာအတိ။

တစ်ခုခုရေးချင်တဲ့ စိတ်ကြောင့် စာကြည့်စာပွဲမှာထိုင်၊ ရေးနေကျ စာအုပ်ကိုယူ၊ ရေးရမှာက စာအုပ်ရဲ့အစ စာမျက်နှာမှာ မဟုတ်တော့ဘူး။ ရေးလာလိုက်တာ စာအုပ်က ထက်ဝက်ကျိုးပေါ့။

တချို့စာမျက်နှာမှာ ကိုယ့်ရဲ့ တနေ့တာ ဘာတွေ လုပ်ခဲ့သလဲဆိုတာတွေကို ရေးထားတယ်။

တချို့မှာတော့ ကိုယ် ဘယ်သူနဲ့ ဆုံခဲ့သလဲ... ဘာတွေ ဗဟုသုတ သူတို့ဆီက ရခဲ့သလဲ၊ ဘာတွေ စိတ်ထဲ အခန့်မသင့်တာတွေ ဖြစ်ခဲ့လဲ ဆိုတာတွေ ရေးမှတ်ထားတယ်။

ကိုယ်ဆုံခဲ့တဲ့ တချို့က စိတ်သဘောထား ပြည့်ဝကြသလို၊ စိတ်သဘောထား အမြင်သေးသိမ်ကျဉ်းမြောင်းတဲ့ သူတွေလဲ ပါတယ်။ သူတို့နဲ့ ထပ်ဆုံစည်းသလို၊ ထပ်လဲ မတွေ့ဖြစ်တော့တဲ့ သူတွေလဲ ဒုနဲ့ ဒေးပေါ့။

တချို့စာမျက်နှာမှာတော့ ကိုယ်ပျော်ရွှင်ခဲ့တဲ့ အချိန်တွေရှိတယ်၊ ဝမ်းနည်းတဲ့ အချိန်တွေရှိတယ်၊ လွမ်းမောတသတဲ့အချိန်တွေ ရှိတယ်၊ မိဘကျေးဇူးဆပ်ချင်တဲ့ အချိန်တွေရှိတယ်။ ကိုယ့်ရည်မှန်းချက်တွေရှိတယ်။ ကိုယ့်စိတ်ကူးယဉ်မှုတွေကို သူ့ကို ရင်ဖွင့်ထားတယ်။

တကယ်တော့ ဒီစာအုပ်လေးက ကိုယ့်စိတ်၊ ကိုယ့်ဘဝကို အသိဆုံးသော သက်မဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ။

ဘယ်လောက်ရင်းနှီးတဲ့ သူငယ်ချင်း၊ လက်တွဲဖော် ဖြစ်ဖြစ် တခါတလေ သူတို့နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ အချိန်ဆိုတာ ရှိတာပဲလေ။ တကယ်တော့ ဒီမြေဇာပင် စာအုပ်ကလေးက ကိုယ်ဒေါသထွက်တဲ့အချိန်၊ ငိုတဲ့အချိန်၊ ပျော်တဲ့အချိန်တွေမှာ မညည်းမညူပဲ သူ့ရင်ကိုဖွင့်ပြီး ကိုယ့်စကားတွေကိုနားထောင်ပေးခဲ့တယ်။

ပြီးတော့ ဖြစ်ပြီးသမျှ ရေးမှတ်သမျှ ကိုယ့်ဘဝ စိတ်အထွေထွေကို ကိုယ်မြင်နိုင်ပြန်တယ်၊ ကိုယ့်အတွက် ပြင်ဆင်နိုင်ခွင့်ရှိပြန်တယ်။

ဒီနေ့တော့ ကိုယ့်မှာ သူ့ကို ပြောစရာတွေ ရှိနေတယ်။

ဘာအကြောင်းလဲဆိုတော့ သူ့အကြောင်းပေါ့။

သူဆိုတဲ့ ကိုယ့်ရဲ့ ဒိုင်ယာရီလေး အကြောင်းကို ပြောပြချင်တယ်။

ကိုယ်က ကိုယ့်အကြောင်းပဲ တောက်လျှောက်ပြောလာတာ၊ ဒီနေ့တော့ ကိုယ့်အပေါ် အနွံအတာခံတဲ့ သူ့အကြောင်းကိုပဲ သူ့ရင်မှာ ကိုယ်တလုံးချင်း ရေးမှတ်ချင်တယ်။

“မင်းသာ ကိုယ့်ဘဝရဲ့ အဖော်မွန်၊ မင်းရှိနေလို့သာ ကိုယ့်ဘဝရဲ့မမြဲခြင်းတွေ ကိုယ်မျက်မြင်မြင်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ”

နောက်နေ့တွေလဲ ကိုယ့်ရဲ့ဘဝကို နားထောင်ပေးပါဦးလို့ ဆိုပါရစေ ကိုယ့်ရဲ့ ကိုယ်ပွားလေးရေ။

Comments

Popular posts from this blog

မှတ်စု - ၁

မှတ်စုလေး‌တွေ ရေးမှတ်ထားမယ်လို့ စိတ်ကူးလေး ရနေတာ ကြာပြီ။ နောင်တချိန် ပြန်ဖတ်တဲ့အခါ တစ်ခုခု စိတ်ကြည်နူးစရာလေးများ ရမလား၊ "အို ... ငါ အတော်လေး မရင့်ကျက်ခဲ့ပါလား" တွေးမိလေမလား၊ ငါ ဒီလိုလေးများ လုပ်ခဲ့ရင် ပိုများ အကျိုးအမြတ်များလေမလား လို့ ယူဆမိလေမလား ဆိုပြီး အနာဂတ်က ကိုယ့်ကိုယ်ကိုအကြောင်း‌ တွေးမိတော့လဲ ရင်ခုန်မိသား။ ပြီးခဲ့တဲ့ အတိတ်ကို ပြန်ပြောင်းလို့ မရပေမဲ့ နောင်တရစရာ များများစားစားကျန်မနေခဲ့ဘူးဆိုရင် ကိုယ့်ဘဝကို ကျေနပ်မိနေမယ် ထင်တယ်။ ကိုယ့်ကိုယ်တော့ ရာနှုန်းပြည့် အာမမခံရဲဘူးဆိုတာကို တွေ့ပြီးတော့ ကိုယ့်ဖာသာကိုယ် ပြုံးမိတယ်။ ဒါကိုက ကိုယ့်ပင်ကိုယ်စရိုက်သဘာဝထဲက တစ်ခုလို ဖြစ်နေတယ်။ ဒါပေမဲ့လဲ နောင်တရစရာ မရှိရလေအောင် နေထိုင်မယ်လို့ ခုချိန် ဆုံးဖြတ်မိနေတာဆိုတော့ ဒါဟာလဲ အမြတ်အစွန်း တစ်ခုပဲ မဟုတ်လား။ ပုံမှန်ဆိုရင် ကိုယ်က ကိုယ့်ခံစားချက်၊ အတွေး‌အမြင်တွေကို ချရေးရမှာကို အတော်လေး ဝန်လေးမိတဲ့ထဲပါတယ်။ အဲတာကြောင့်လဲ ဒိုင်ယာရီမထားဖြစ်ဘူး။ အဓိကက ကိုယ့်ဒိုင်ယာရီကို ယူဖတ်မှာ စိုးတဲ့စိတ်က ကြီးစိုးနေလို့အပြင် ကိုယ့်ကို လှောင်ရယ်မလား၊ ကိုယ့်အကြောင်းကို သူများတွေ သိသွားလေမလား ဆိုတဲ့ ကိုယ့်ကိုယ်ကိုထက...