သူမဘဝမှာ အလိုလား အတောင့်တဆုံး ဆုတစ်ခုတောင်းပါဆိုရင် “The End” လို့ ရုပ်ရှင်၊ ပြဇာတ်၊ ဝတ္ထုတွေထဲကလို စာတမ်းထိုးခွင့်ပဲ။ ဘယ်နေရာမဆို အစရှိရင် အဆုံးဆိုတာ ရှိတတ်စမြဲ။ လူတိုင်း သတ္တဝါတိုင်း ဘဝဆိုတာ စပြီး အပြီးတိုင် ပြီးဆုံးခြင်းကို ဦးတည်နေကြပေမဲ့၊ မသေခင် ရှင်သန်နေတဲ့ ကာလလေးမှာ သူမကို သူနဲ့ ပတ်သက်ပြီး ပျော်ရွှင်စွာ အဆုံးသတ်ခွင့်ကို အဆုံးအဖြတ်ပေးနိုင်ခွင့်များ ကံတရားက ပေးခဲ့ရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ။
ခုတော့........
အပိုင်း (၂)
ဒီလမ်းလေးထဲ၊ ဒီခုံတန်းလေးထဲ သူမ ရောက်ခဲ့ပြန်ပြီ။ ဒီ ၂နှစ်၊ မှတ်မှတ်ရရ ပြောရမယ်ဆိုရင် သူထားရစ်ခဲ့တဲ့ ဒီ ၂နှစ် အတွင်းမှာ သူမ လမ်းကြုံလို့ပဲ ဖြစ်ဖြစ်၊ တမင်တကာပဲ ဖြစ်ဖြစ် ရောက်ခဲ့တဲ့ အရေအတွက်က ဘယ်နှစ်ခါများလဲ သူမ မမှတ်မိတော့ဘူး။
ဒီလမ်းထဲရောက်တိုင်း ရင်မှာ အမြဲ မွန်းကျပ်ခဲ့ရတယ်။ အမြဲ စိတ်ခံစားမှု ခမ်းခြောက်ခဲ့ရတယ်။ သူမ ငိုခဲ့လွန်းလို့ ခုတော့ မငိုတော့ပါဘူး။ “မောင် ဘယ်ရောက်နေလဲ” လို့ ရေရွတ်တာလဲ ဘယ်နှစ်ကြိမ်လဲ။ သူမ သူ့ကို မုန်းတီးတယ်လို့ အကြိမ်ကြိမ် ရေရွတ်ခဲ့တာလဲ ဘယ်နှစ်ကြိမ်လဲ သူမ မမှတ်မိ။
ခုချိန်ထိ သူ သူမကို ဘာအကြောင်းကြောင့် ပစ်ထားခဲ့မှန်း သူမကိုယ်တိုင်လဲ မသိသလို၊ သူကိုယ်တိုင်ကလဲ စာတစ်စောင်နဲ့ ဖြစ်ဖြစ်၊ သူကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် ဘယ်လို ဆက်သွယ်မှုပုံစံမျိုးနဲ့မှ သူမကို ပြောမသွားခဲ့ဘူး။
ဒါကလဲ အဆန်းတကျယ်တော့လဲ မဟုတ်ပါဘူးလေ။
သူ့ရဲ့ ရင်ထဲ သူမ ဝင်ကြည့်လို့ မရတာ ကြာခဲ့ပါပြီ။ သူခရီးသွားမယ်ဆိုလဲ အရင်လို သူမကို မပြောတော့တာ သူမ သတိထားမိတာပေါ့။ သူ သူမကို အဆက်အသွယ်မဲ့ ပျောက်သွားတိုင်း သူ့အိမ်ကို သွားမေးမှ ခရီးသွားတာ သိရတာလဲ အလီလီ။
နှစ်ပေါင်းများစွာ သူငယ်ချင်း သံယောဇဉ်က အစပြုတည်လာတဲ့ သူနဲ့ သူမ ဆက်ဆံရေးမှာ ချစ်ခင်မှုတင်မကဘူး၊ မြတ်နိုးမှု၊ လေးစားမှုတွေ ရောပြွန်းတည်နေခဲ့တဲ့ ဒီကြိုးဟာ တော်ရုံ မပြတ်ဘူးလို့ သူမ တဖက်သတ်ဆန်တဲ့ အတ္တနဲ့ တွေးလာတာ မောလှပါပြီ။ သူ့ရဲ့ လျစ်လျူရှုမှုတွေကို သူမ ခံနိုင်ရည်အား မရှိတော့ဘူး။
မောင်ရေ... မောင်နဲ့ကျွန်မ ဆက်ဆံရေးက ဘာလဲကွယ်။
အပိုင်း (၃)
မှန်တင်ခုံရှေ့က သူမ သိပ်လှနေတယ်။ ပိုးချိတ် အဝါနဲ့ အစိမ်း ရောယှက် ရက်ထားတဲ့ ထမီနဲ့ အင်္ကျီ အဝါရောင်ကို ဆင်ယင်ထားတဲ့ သူမ သိပ်ကိုလှနေပါတယ်။ သူမ အရင်က သိပ်စိတ်ကူးယဉ်ခဲ့တဲ့ သူမရဲ့ မင်္ဂလာပွဲ ဒီနေ့တော့ ရောက်လာပြီ။ ဒါပေမဲ့ သူမရဲ့ဘဝ လက်တွဲဖော်က သူမ သိပ်လဲချစ်သလို၊ စိတ်ပျက်မှု အလီလီ၊ အပစ်ပယ်ခံဘဝရောက်အောင် လုပ်ခဲ့တဲ့ သူမရဲ့ တစ်ဦးတည်သော ချစ်သူ မောင်တော့ ဟုတ်မနေဘူး ဆိုတဲ့ သိစိတ်က သူမ ရင်ကို ဆို့နင့်စေတယ်။
သူမရဲ့ မတော်လိုက်ရတဲ့ မေမေ၊ သူမကို သမီးလေးလို မြတ်နိုးတဲ့ မောင့်မေမေရဲ့ “သမီး သဒ္ဓါ.. သားကို မေ့လိုက်ပါ သမီးရေ။ သူဟာ သမီးအတွက် အဖော်မွန်ကောင်း မဖြစ်နိုင်ပါဘူးကွယ်” လို့ ပြောတဲ့ စကားသံ သူမကို နာကျင်စေတယ်။ သူမ မိဘ သဘောတူတဲ့ သူနဲ့ လက်ဆက်ပေးတော့မဲ့ အချိန်ကျတော့လဲ သူ့မေမေနဲ့တကွ သူ့မောင်နှမတွေ အကုန်လုံးက သူမကို တိုက်တွန်းခဲ့ကြတယ်။ သူမ နားမလည်နိုင်ဘူး။ သူမ နာကျည်းရမှာလား။ သူမမှာ ခုလို ဖက်တွယ်စရာ၊ အားကိုးစရာ သူမ ချစ်သူဖြစ်တဲ့ မောင်ဆိုတဲ့သူ အဲ့အချိန်မှာ ဘယ်ရောက်နေသလဲ။
အရာရာ ထိန်းချုပ်ရလွန်းလို့ ပေါက်ကွဲချင်တယ်၊ ငိုကြွေးချင်ပေမဲ့ သူမ ဘယ်သူ့ အပေါ် ပေါက်ကွဲရမှာလဲ။ သူမအပေါ် မညှာမတာ၊ ရက်ရက်စက်စက် သစ်စိမ်းချိုးသွားသူကိုလား။
သူမစိတ်ကို မညှာမတာ ဝန်ခံရရင် သူ့ကို မျှော်လင့်နေသေးတယ်၊ သူမ စာချုပ်လက်မှတ်မထိုးခင်အထိ သူ့ကို မျှော်တလင့်လင့် ဖြစ်နေခဲ့တဲ့ သူမရဲ့စိတ် ပျော့ညံ့ချက်ကို သူမ စိတ်ပျက်မိတယ်။
“မောင်.... နင်ဘယ်ဆီမှာ ရောက်နေလဲ ဆိုတာကို ဘယ်သူမှလဲ ငါ့ကို မသိစေချင်ကြဘူး။ နင်ဟာလဲ ငါ့အပေါ် စကတည်းက မချစ်ခဲ့ပဲနဲ့ ဒီလိုမျိုး မလုပ်သွားသင့်ပါဘူးဟာ။”
အပိုင်း (၄)
သူမရဲ့ ဝမ်းကြားတိုက်မှာ ရင်သွေးလေး ရှိနေပြီဆိုတဲ့ သိစိတ်က သူမကို ကြက်သီးမွှေးညှင်းထ ပျော်ရွှင်စေတယ်။ သူမအပေါ်မှာ ချစ်ခင်မြတ်နိုးတဲ့ သူမခင်ပွန်းရဲ့ မျက်နှာမှာလဲ အပြုံးပန်းတွေ ဝေလို့ပေါ့။ သူမပေါ်မှာ အနွံအတာခံ၊ ချစ်ခင်တဲ့ ခင်ပွန်းသည်ပေါ်မှာ သူမလေးစားပြီး အားကိုး မြတ်နိုးပါတယ်။ ခု သူမတို့ ကိုယ်ပွားလေးကို သူမရင်မှာ လွယ်ထားရတော့ ခင်ပွန်းသည် ဂရုစိုက်မှုက အတိုင်းအဆ မရှိတော့ဘူးပေါ့။
သူမပေါ်မှာ မောင်ဟာ ရက်စက်၊ ချိုးနှိမ်ခဲ့ပေမဲ့၊ သူမရဲ့ ဘဝဟာ သူမ ခင်ပွန်းရဲ့ မေတ္တာနဲ့ လန်းဖြာလာခဲ့ရတယ်။
ဒီနေ့ ဆေးရုံမှာ ရက်ချိန်းဖြစ်လို့ သူမလာခဲ့တယ်။ သူမကို စိတ်မချတဲ့ သူမခင်ပွန်းကတော့ အလုပ်မအားလပ်လို့ နောက်က လိုက်လာမယ်ဆိုတဲ့ အကြောင်း သူမကို ပြောထားပေမဲ့ သူမဖာသာ ကားဒရိုင်ဘာ ဦးမောင်ကို အဖော်ခေါ်လို့ လာခဲ့လိုက်တယ်။
ဆေးရုံဝင်းထဲ ရောက်လို့ ကားပေါ်ကအဆင်း မောင့်မေမေတို့ မိသားစုတွေ ရေးကြီးသုတ်ပြာနဲ့ သွားတာ လှမ်းမြင်လိုက်တော့ အတော်လေးလှမ်းနေတော့ မခေါ်တော့ပဲ သူမ နောက်ကနေပဲ လိုက်လာခဲ့တယ်။ သူမလဲ သူမ မင်္ဂလာပွဲပြီးကတည်းက မတွေ့ဖြစ်၊ မဆုံဖြစ်တဲ့ မောင့်မေမေကို နှုတ်ဆက်ချင်တဲ့စိတ်နဲ့ သူမ ဘာကိုမှ မစဉ်းစားပဲ နောက်က လိုက်လာခဲ့တယ်။
သူတို့ ဆေးရုံ အဆောင်တစ်ခုကို ဝင်သွားပေမဲ့ သူမ ဘယ်အဆောင်မှန်း သတိမမူမိဘူး။ သူတို့ ဝင်သွားတဲ့ အခန်းတစ်ခုရှေ့ရောက်တော့ သူမ လှမ်းတွေ့လိုက်တာက အခန်းထဲက သူမ ဓါတ်ပုံတွေ ထည့်ထားတဲ့ Photo Stand တွေ။ သူမကို ဘယ်အချိန်တုန်းက ရိုက်ထားတယ်မှန်း သူမတောင် မသိတဲ့ပုံတွေ။ မင်္ဂလာဆောင်တုန်းက ပုံတွေ။
ကုတင်ပေါ်က လူနာရှင်ကတော့ သူမရင်ကို ဆုတ်ကိုင် ဆို့နင့်စေတဲ့ သူမရဲ့မောင်။
သူမကို ပစ်ထားခဲ့တဲ့ မောင်။
သူမကို တစက်ကလေးမှ အသိမပေး ပျောက်ခင်းမလှ ပျောက်သွားတဲ့မောင်။
စောင်ဖြူဖြူ၊ အိပ်ရာခင်းဖြူဖြူပေါ်မှာ သွေးဖြူဆုပ် ဖျော့တော့နေတဲ့ မျက်နှာနဲ့ အသက်ကို အားကုန် ရှူရှိုက်နေရတဲ့ သူမရဲ့မောင်။
သူမ ဘာလုပ်ရမလဲ... သူမ ငိုဖို့လဲ မေ့လျော့နေတယ်။ သူမ ပတ်ဝန်းကျင်က လူတွေကိုလဲ သူမ မမြင်ပါ။ သူမ ရင်ကို နာကျင်စေတဲ့၊ သူမ အသည်းနှလုံးကို တစစီ ဆွဲဆုတ်သလို ခံစားစေတဲ့ မြင်လိုက်ရတဲ့ မောင့်ပုံရိပ်ကိုသာ သူမ မယုံကြည်နိုင်လောက်အောင်ကို ငေးစိုက်ကြည့်နေမိတယ်။ အဲ့ဒီခဏ၊ တကယ့်မှ ခဏလေးပါပဲ...မောင့်ရဲ့ နောက်ဆုံး ထွက်သက် မှုတ်ထုတ်လိုက်တဲ့ ခဏ မောင့်မေမေရဲ့ ငိုကြွေးသံ၊ သူမကို မြင်လိုက်လို့ပြောတဲ့ မောင့်မေမေရဲ့ စကားသံတွေ သူမနားထဲ စီရီရီ ဝင်လာတယ်။
မောင်.... ဘာတွေ ဖြစ်ကုန်တာလဲ။
မောင့်မေမေရဲ့ စကားတွေက ကြားတချက် မကြားတချက်...
“သမီးလေး သတိထားပါ။ သမီးရေ... ငိုချင်ရင် ငိုလိုက်နော်...”
“သမီးကို ညီညီက သိပ်တွေ့ချင်ရှာတာ၊ ဒါပေမဲ့ သမီးဘဝကို သူ မနစ်မွန်းစေချင်ခဲ့ဘူး။”
“သူ့မှာ သွေးကင်ဆာဖြစ်မှန်း သိတဲ့အချိန်က စလို့ သမီး သူ့အနားမှာ နေလို့ နစ်မွန်းမဲ့ အချိန်တွေ၊ ဘာမှ မလုပ်နိုင်လို့ နာကျင်ရမဲ့အချိန်တွေကို သူ မမြင်ချင်ဘူးတဲ့ သမီးရေ... အဲဒါကြောင့် အန်တီတို့ တအိမ်လုံး သမီးကို မပြောပြပဲ မျိုသိပ်ခဲ့ရတာပါ... သမီးရေ”
“သမီး ဓါတ်ပုံတွေကို ညီညီ့အတွက် သမီးမသိအောင် ရိုက်ပြီး ပေးထားတာပါ”
မောင်ရေ..... အတ္တကြီးလှချည်လားဟင်။
သူမ ရင်တခုလုံး ဗြောင်းဆန် နုံးချိ ခံရခက်လိုက်တာ... မောင်ရေ... မောင် ဘယ်လောက်တောင် ခံစားခဲ့ရမလဲ။
သူမ ငိုဖို့ မေ့နေခဲ့တယ်။ သေချာတာက သူမ မငိုနိုင်လောက်အောင်ကို ရင်အစုံကို လုံးခြေထားသလိုကို နာကျင်တယ် ဆိုတာပဲ။
သူမ မျက်စိရှေ့က ဖြူဖတ်ဖြူရော်လေး အိပ်မောကျနေတဲ့ သူမရဲ့ မောင် ကို သူတို့ခေါ်သွားကြတော့မယ်။ "ကျွန်မ အားရပါးရ ကြည့်ပါရစေဦး။ အားရပါးရ ငိုပါရစေဦး။ မောင့်ကို ခေါ်မသွားကြပါနဲ့။ ကျွန်မ တောင်းပန်ပါတယ်... မောင့်ကို ခေါ်မသွားကြပါနဲ့...
မောင့်ကို ခေါ်မသွားကြပါနဲ့..."
အပိုင်း (၅)
ရုပ်ရှင်၊ ပြဇာတ် တွေ ပြီးဆုံးရင် "ပြီးပါပြီ" ဆိုပြီး အပြီးသတ်ကြတယ်မောင်။
"ကျွန်မတို့နှစ်ယောက်ရဲ့ ချစ်ခြင်း၊ ကျွန်မတို့နှစ်ဦးသာ ပိုင်ဆိုင်တဲ့ ချစ်ခြင်းမှာ ကျွန်မတို့ဖာသာ ကျွန်မတို့ပျော်ရွှင်စွာနဲ့ပေါင်းဖက်ရလေသတည်းလို့ပြီးဆုံးချင်တယ် မောင် ... ကျွန်မရဲ့ အတွေးက ကလေးဆန်တယ်လို့မောင်ပြောမလား ... စိတ်ကူးယဉ်ဆန်တယ်လို့ပြောမလား ... မပြောပါနဲ့မောင် ... အချစ်နဲ့ပတ်သက်ရင် လူတိုင်း ကလေးဆန်ခွင့် ရှိပါတယ် ... စိတ်ကူးယဉ်ပိုင်ခွင့် ရှိပါတယ် မောင် ...
ကျွန်မနဲ့မောင့် ဘဝရဲ့ ပြဇာတ်မှာ ကျွန်မသာ စီရင်ပိုင်ခွင့် ရှိရင် ကျွန်မတို့ ပျော်ရွှင်ခဲ့တဲ့ အချိန်၊ မောင်လဲ မောင့်ရောဂါကြောင့် စိတ်မဆင်းရဲရသေးခင် ကြည်နူးစရာအတိပြီးတဲ့ အချိန်မှာ အပြီးတိုင် ဇာတ်သိမ်းချင်တဲ့ ဆန္ဒလေး တစ်စုံလိုချင်တယ် မောင်ရေ။
မောင်ဟာ ဒီလောကကြီးမှာ မရှိပေမဲ့ ကျွန်မ ဦးနှောက်ထဲမှာကော ၊ ကျွန်မ နှလုံးသားထဲမှာကော ညီညီ လို့ ရင်းနှီးသူတွေ ခေါ်ကြတဲ့ ညီမင်းနောင် ဆိုတဲ့ ကျွန်မ ချစ်သူဟာ အမြဲတမ်းရှင်သန်နေမှာပါ။"
The End.
Comments
Post a Comment